ဂြိုဟ်တု ခဏခဏထည့်ရင် ကလေးမှာ ဘာဆိုးကျိုးရှိနိုင်မလဲ?
- Dr. Mon Mon
- Feb 10, 2019
- 1 min read

ဂြိုဟ်တု ခဏခဏထည့်ရင် ကလေးမှာ ဘာဆိုးကျိုးရှိနိုင်မလဲ?
ကလေးတွေမှာ စအိုကိုမကြာခဏဆေးတောင့်ထည့်ခြင်း
ဆေးရုံဆေးခန်းတွေမှာ တစ်ခါတစ်လေကျရင် ကလေးကအဖျားမကျလို့ စအိုထဲဆေးထည့်ရတယ်လို့ကြားဖူးကြပါလိမ့်မယ်။ ဆေးခဲဆေးရည်ဘယ်လိုမှတိုက်မရတာ၊ ဆေးတိုက်ပေမယ့်မဝင်ပဲအန်ထုတ်နေတာ၊ ဂျီကျနေတာ၊ ရေပတ်တိုက်ပေးပေမယ့် အဖျားမကျတာတွေရှိလာပြီဆိုရင်တော့ စအိုထဲကိုဆေးတောင့်ထည့်ပြီး အဖျားကျအောင်ကြိုးစားရပါတယ်။ ဆေးထည့်ပြီးမကြာခင်မှာပဲ အဖျားကျပြီးနေသာထိုင်သာရှိလာနိုင်ပါတယ်။ အဖျားကျဆေးတင်မဟုတ်ပဲ အနာသက်သာတဲ့ဆေးတွေကိုလည်း စအိုကနေထည့်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ရင်လည်း။ ဝမ်းသွားရတာလွယ်ကူအောင် စအိုထဲကိုဆေးတောင့်ထည့်ပေးနိုင်ပါတယ်။
ဒီလိုနဲ့ပဲ နောက်တစ်ခါဖျားနာလာပြီဆိုရင် ပါးစပ်ကနေဝင်အောင်တိုက်ဖို့၊ ရေပတ်နိုင်နိုင်တိုက်ဖို့မလုပ်တော့ပဲ စအိုကနေဆေးထည့်တာကို ပိုပြီးအားသန်လာတတ်ပါတယ်။ စိတ်ရှည်လက်ရှည်ချော့မော့ပြီး တိုက်နေစရာမလိုပဲ ကလေးကိုချုပ်ပြီးစအိုထဲဆေးထည့်၊ ခဏနေသက်သာသွားတယ်ဆိုတဲ့အချက်နဲ့တင် တော်တော်သဘောကျစရာဖြစ်နေတာကြောင့် စအိုကနေထည့်ဖို့ပဲရွေးချယ်နေမယ်ဆိုရင်တော့ မလိုလားအပ်တာတွေဖြစ်လာနိုင်ပါတယ်။
အရင်ဆုံးတော့ စအိုမှာအနာတရရသွားနိုင်ပါတယ်။ ဆေးထည့်မယ်ဆိုတာနဲ့ ငြိမ်ငြိမ်လေးနာခံတဲ့ကလေးရှိနိုင်သလို ရုန်းကန်ငိုယိုနေတဲ့ကလေးလည်းရှိနိုင်ပါတယ်။ ရုန်းကန်နေရင် စအိုထဲကိုဆေးထည့်ရတာပိုမိုခက်ခဲတတ်သလို စအိုထဲတန်းတန်းမတ်မတ်မရောက်ပဲ မကြာခဏပြန်ထည့်ရင်းနဲ့ စအိုမှာအနာဖြစ်နိုင်ပါတယ်။
နောက်တစ်ခုကတော့ စအိုထဲဆေးထည့်ရင်းနဲ့ ဆေးကောထည့်တဲ့လက်ချောင်းပါစအိုထဲရောက်သွားတာဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေထည့်တာက မဖြစ်နိုင်ပေမယ့်မကြာခဏထည့်နေရမယ်ဆိုရင်တော့ မတော်တဆဝင်သွားနိုင်ပြီး ဒဏ်ရာရနိုင်ပါတယ်။
ထည့်လိုက်တဲ့ဆေးက စအိုတစ်လျှောက်သွားဆွသလိုလည်းဖြစ်နိုင်ပါတယ်။ အဲစီလိုဖြစ်လာရင်လမ်းကြောင်းတစ်လျှောက်ပွန်းပဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ထည့်တဲ့အကြိမ်များလေပိုပွန်းလေဖြစ်လို့ ခဏခဏမထည့်ဖို့လိုပါလိမ့်မယ်။ ပွန်းတာများလာရင် စအိုတစ်လျှောက်နာတာ၊ သွေးထွက်တာ၊ အနာဖြစ်တာ၊ ဝမ်းသွားရင်သွေးပါတာတွေဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်လေကျရင် ဗိုက်နာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းသွးရခက်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းမှာအချွဲတွေပါတာမျိုးလည်းကြုံတတ်ပါတယ်။
စအိုကိုဆေးတောင့်ထည့်တာကတော့ များသောအားဖြင့်ဘေးကင်းတဲ့ကုသနည်းဖြစ်သလို ဘေးထွက်ဆိုးကျိူးလည်းနည်းပါးတတ်ပါတယ်။ သို့သော်နုနယ်တဲ့နေရာဖြစ်လို့ ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင်ပါးစပ်ကနေဝင်နေသရွေ့စအိုထဲကိုဆေးတောင့်ထည့်တာကို ရှောင်ကြဉ်သင့်ပါတယ်။
Dr. ZZ
source: mydoctor.com.mm
Comments