ကိုယ်ဝန်ဆောင်နှင့်အစားအစာ
- drhtoo drhtoo
- Jan 14, 2018
- 1 min read

ကလေးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေအပြင် ကိုယ်ဝန်ဆောင်မိခင်အတွက်ပါ post လေးတွေ ရေးမိတော့ message box မှာကိုယ်ဝန်ဆောင်တွေ လာအမေးဆုံးမေးခွန်းက ဟိုအစားအစာ စားလို့ရပါသလား ဒီမုန့်စားလို့ရပါသလား ဆိုတဲ့မေးခွန်းပါပဲ
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်တွေကို ဆရာဝန် တွေ တော်တော်များများလည်း ပညာပေးကြပါတယ် ပြောလိုက်ရင်လည်း နားတော့ထောင်သွားကြတယ် ဘယ်တော့မှလည်း နားမဝင်ကြဘူး နောက်တခေါက်တွေ့ရင် ထပ်မေးပြန်ပြီ ဟိုဟာနဲ့တည့်ပါသလား ဒီဟာနဲ့တည့်ပါသလား ဆိုပြီးတော့
အမှန်တော့ ကိုယ်ဝန်ဆောင်စဉ်မှာ ရှောင်သင့်တဲ့ အစားအစာရယ်လို့ သပ်သပ် မရှိပါဘူး ကိုယ်ဝန်မဆောင်ခင်က မိမိကျန်းမာရေးအရ ရှောင်သင့်တဲ့အစားအစာကလွဲရင် အကုန်စားလို့ရပါတယ်
ဥပမာ ကိုယ့်မှာ အရင်က အစာအိမ်ရောဂါရှိရင် ငရုတ်သီး အချဉ် အစပ်တွေ မစားနဲ့ပေါ့ သွေးတိုးရှိရင် အငံတွေ ငါးပိ ငါးခြောက်နဲ့ တက်စာတွေ ရှောင်ပေါ့ ဒီလောက်ပါပဲ ဒါတွေက ကိုယ်ဝန်ရှိမှ ရှောင်ရမယ့်ဟာတွေမဟုတ်ပါဘူး ဒါကြောင့်မို့လို့ ယေဘူယျ အားဖြင့်ပြောရရင် ကိုယ်ဝန်သည်တယောက်က အစားရှောင်စရာမလိုပါဘူး အကုန်စား အစုံစား မျှမျှတတစား တန်ဆေး/လွန်ဘေးဆိုတာ သတိချပ်ပြီး ဘယ်မစားအစာမဆို ဘေးဥပါဒ် မဖြစ်အောင် တော်သင့်ရုံစားမယ်ဆို စားလို့ရပါတယ်
ဒါတွေက ဘာလို့ပြောနေရသလဲဆိုရင် ကိုယ်ဝန်ဆောင်မိခင်က အစားရှောင်ရင်းနဲ့ အာဟာရချို့တဲ့လာပြီး ကလေးမွေးတဲ့အခါ ပေါင်ချိန်မပြည့်တာတို့ နေ့မစေ့ လမစေ့မွေးတာတို့ သွေးအားနည်းပြီး မီးမဖွားနိုင်တာ မွေးပြီးသွေးသွန်လို့ အသက်ဆုံးရှုံးရတာ နှလုံးရောဂါ အထိပါဖြစ်တတ်ကြပါတယ်
ကလေးမီးဖွားပြီးလို့ နို့တိုက်မိခင်တွေလည်း အတူတူပါပဲ အစားမရှောင်ပါနဲ့ နို့တိုက်မိခင်တွေဆို အရင်ကထက် ပိုစားဖို့လိုအပ်ပါတယ် ကိုယ်ဝန်ဆောင်တုန်းက နည်းနည်းစားလိုက်တာနဲ့ ရင်ပြည့်တာတို့ ဗိုက်တင်းတာတို့ကြောင့် သိပ်မစားနိုင်ခဲ့တာကို မွေးပြီးတဲ့အချိန်မှာ အတိုးချပြီးသာစားပေးပါ ဒါမှ နို့ထဲမှာ အာဟာရစုံအောင်ပါပြီး ကလေးရဲ့ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေမှာပါ
မိခင်အစားရှောင်ရင် ကလေးမှာ ဗီတာမင်ဓာတ်တွေချို့တဲ့တတ်ပါတယ် အထူးသဖြင့် ဗီတာမင် ဘီဝမ်း B1 ချို့တဲ့ပြီး ဘယ်ရီ ဘယ်ရီ Beri Beri ဆိုတဲ့ သူငယ်နာရောဂါ ဖြစ်တတ်ပါတယ် အသက်ရှူကြပ်တာ အသက်ရှူမမှန်တာ နှလုံးအားနည်းတာ အာရုံကြော အားနည်းပြီး ဉာဏ်ရည်နိမ့်ပါးတာ မကြီးထွား မဖွံ့ဖြိုးတာတွေအပြင် အသက် အန္တရာယ်ပါကျရောက်တတ်ပါတယ်
ဒါကြောင့်မိုလို့ ကိုယ်ဝန်သည်တွေရော နို့တိုက်မိခင်တွေရော အစားများများစားဖို့ အစားမရှောင်ဖို့ အစားအစာ စုံအောင်စားတတ်ဖို့ မျှမျှတတ စားတတ်ဖို့ မှာချင်ပါတယ်
အစားမရှောင်ကြပါနဲ့နော်
#DrMonMon ၁၄-၁-၂၀၁၈
Comments